Scorpio (ဗြိစ္ဆာရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ
အောက်တိုဘာလ(၂၃)ရက်မှ နိုဝင်ဘာလ(၂၁)ရက်အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် အဌမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ကင်းမြီးကောက်တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို အင်္ဂါဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသည်။
ဗြိစ္ဆာရာသီဖွားတို့၏ ပင်ကိုယ်စရိုက်သဘာဝ
ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။ ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။
ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင် မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။ အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကို ဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။ ဗြိစ္ဆာရာသီဖွားတို့၏ ဘဝတွင် မိမိအပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသော ဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များ ထွက်ပေါ်လာရတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကို လုံးဝလက်မခံနိုင်ကြချေ။ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘဝတွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ) သက်ရောက်မှုရှိနေတတ်၏။
ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘဝတွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘဝ၏ အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။ ဘဝအစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။ အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။ သို့သော် အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့် တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ဝန်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။
အထူးသဖြင့် ဗြိစ္ဆာရာသီဖွား အမျိုးသားများသည် အမျိုးသမီးနှင့်ပတ်သက်ပြီး ပျက်စီးနစ်နာတတ်၏။ ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံ မာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီး လူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါက ပြင်းထန်လာ၏။ လူ့သဘာဝကို သဘောပေါက်ကာ ပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြံအရံများ၏။ အဝတ်ကောင်း၊ အစားကောင်းများ ဝတ်ရတတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စ ဖြင့်ရပ်ထားရတတ်၏။
ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံ ကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမား အကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊ မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာ ဘဝတွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။ ထို့အပြင် ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှ ပုဂ္ဂိုလ်ထူးတို့၏ ပါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာ ခံရတတ်၏။
မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
@sayalu
21.02.2022
Scorpio သမားတွေက သူတို့နဲပြိုင်ဆိုင်လုပ်ကိုင်တယ်ထင်ရင် အငြိုးနဲ့ တိုက်ခိုက်တတ်တာတော့ ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုပါပဲ။