Sagittarius (ဓနုရာသီဖွား) ပင်ကိုယ်စရိုက်သဘာဝ

avatar

astrology_signs.jpg

နိုဝင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ(၂၁)ရက်အတွင်း မွေးဖွားသူများသည် ဓနုရာသီဖွားများ ဖြစ်ကြသည်။ နက္ခတ်ရာသီ(၁၂)ပါးအနက် နဝမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် လေးနှင့်မြားကို ကိုင်ထားသော လေးသည်တော်သည် အပေါ်ပိုင်းတွင် လူ၏ခန္ဓာကိုယ်ရှိပြီး ခါးအောက်ပိုင်းတွင် ခြေလေးချောင်းနှင့် မြင်း၏ကိုယ်သဏ္ဍာန်ရှိသော လူမြင်းလေးသည်တော်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ကြာသာပတေးဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။

ဓနုရာသီဖွားတို့၏ ပင်ကိုယ်စရိုက်သဘာဝ

ဓနုရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။ စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။ တည်ကြည်၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကို အလွန်ယုံကြည်လေးစား၏။ သမားရိုးကျဆန်ဆန် အရိုးခံ ပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။ စိတ်ဓါတ်အလွန် ခိုင်မာ ထက်သန်၏။

သို့သော် တစ်ခါတစ်ရံ အငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။ ပင်ကိုယ်ဗီဇ ထက်သလောက် တချို့ကိစ္စတို့တွင် ဝေခွဲရခက်ကာ စိတ်ဒွိဟဖြစ်နေတတ်ပြန်၏။ မေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံသလောက် စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာ တစ်ဖက်သားတို့အား အမြဲကူညီနေတတ်၏။ သို့သော် နှုတ်စလျှာစကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ် ဖြစ်သွားရတတ်၏။

မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာ ဆက်ဆံလို၏။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရောကိုယ်ပါ ပေါင်းတတ်၏။ ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။ အရာရာကို အလေးအနက်ထားပြီး အရှိန်အဟုန်ပြင်းစွာ လုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည်ထင်က မည်သည့်ကိစ္စမဆို လုပ်ရဲကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှုကို အလွန်မုန်း၏။ လိမ်ညာမှုကို အလွန်မုန်း၏။ စိတ်ထိခိုက် လွယ်၏။ တစ်ခါတစ်ရံ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်ချင်၏။

ငွေကို ပြင်းထန်စွာရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာ လုပ်တတ်၏။ ဘယ်အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူ ဘယ်တော့မှမလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ သဋ္ဌေးဖြစ် ခွေးဖြစ် ကြံတတ်၏။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများ ဖြစ်၏။ စီးပွားရှာရာတွင် လောဘကြီး၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက် စိတ်ထဲထင်က လောင်းကစားဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။ ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်း၊ လုပ်ကိုင်ရခြင်းကို အလွန်မက်မော၏။ ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။

အထူးသတိထားရန်မှာ ဤရာသီဖွားတို့သည် စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့် ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။ ဒေါသကို အထူးထိန်းဖို့လို၏။ ထက်မြက်သလောက် လိမ္မာပါးနပ်မှုရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်၏။ သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံမိတ်သင်္ဂဟ ပေါများနေတတ်၏။

အထူးမှာ ဤရာသီဖွားတို့သည် အနာဂါတ်ကို ကြိုတင်သိနိုင်စွမ်းသော ပါရမီဓါတ်ခံရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူး နိမိတ်ထူးတို့ဖြင့် အနာဂတ်ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိ ထူထောင်ပေးပါက အထူးထက်မြက်တတ်ကြ၏။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတို့ထက် နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။ ပင်ကိုယ်စိတ်ရင်းတွင် အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကို ကူညီရန်၊ ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ ရောက်လာသူများဖြစ်၏။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲ မနေနိုင်ချေ။ ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်၏။

တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီး ပေးကမ်းကူညီတာ ပျော်ရွှင်နေတတ်၏။ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီး ကူညီပေးဆပ်နေတတ်၏။ ထို့အတူ လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်လို၏။ အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထား၏။ ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲ၏။ အငြင်းသန်၏။ ဟာသနှော၍ ပျော်စေ၊ ပျက်စေ ပြောဆိုတတ်၏။ ဇဝနဉာဏ်ကြီးမား၏။ ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာ ချက်ကျစွာ ပြောတတ်ဆိုတတ်၏။

အထူးသတိပြုရန်မှာ စိတ်ဓါတ်အလွန်ပြင်းထန်၏။ အရာရာကို လွန်လွန်ကဲကဲ လုပ်တတ်၏။ တစ်ခုခုဆုံးဖြတ်ပြီးက နာရီမဆိုင်း၊ မိနစ်မဆိုင်းလုပ်တတ်၏။ လွန်ကဲမှု၊ လောကြီးမှု၊ စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏ အမှားကို ရင်ဆိုင်တွေ့ရတတ်၏။ ထူးခြားသည်မှာ အမှားကို ဝန်ခံရဲ၏။ အမှားမြင်က အမှန်ပြင်တတ်၏။ တဲ့တိုးပြောတတ်လွန်းခြင်း၊ ဘယ်အရာကိုမှ စိတ်ထဲမြံုမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍ လူမုန်းများ၏။ သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာ ပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်၏။ လိမ်ညာမှုကို အလွန်မုန်း၏။ ထို့အပြင် ဘဝတွင် မဟုတ်မခံ မာနစိတ်ကြီးမား၏။ ထိုမာနကို လုံးဝအထိမခံတတ်ချေ။ ဤရာသီဖွားတို့သည် မွေးမြေကို စွန့်ခွာ၍ ရပ်ဝေးတွင် အောင်မြင်ကြီးပွားတတ်ကြ၏။

မှတ်ချက် - ရာသီခွင်၏ အဝင်ရက်၊ အထွက်ရက်တွင် မွေးဖွားသူများသည် ရာသီခွင်၏ အာနိသင် အပြည့်အဝ မရှိချေ။ ဆက်စပ်နေသော ရာသီခွင်ကိုပါ ပူးတွဲကြည့်သင့်သည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
25.02.2022



0
0
0.000
2 comments
avatar

ဗေဒင်လေးတွေ အမြဲတင်ပေးတာ ကျေးဇူးပါဗျို့ !PIZZA

0
0
0.000