တို့အညာက ဘုရားပွဲတော်

avatar
(Edited)

မဂ်လာပါ။
အချိန်ရာသီသည် မိုးနှင့်ဆောင်း အကူးပြောင်းကာလလေးဖြစ်သည့်အလျောက် နေ့ခင်းပိုင်းတွင် မိုးအုံတုံတုံ သို့မဟုတ် နေကြဲကြဲတောက်ပူ ဖြစ်တတ်သည်၊ ညနေပိုင်းတွင်တော့ ချမ်းစိမ့်သော အအေးဓါတ်သည် သိသိသာသာတိုးလာနေသည်။

ဤလိုအချိန် ရာသီဥတုရောက်လာပြီဆိုလျင် ကျွန်တော်တမ်းတမ်းတတဖြစ်မိသောအရာတစ်ခုရှိသည်။ နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ မြို့လေး၏ အထင်ကရ ဘုရားပွဲတော်ကြီးပင်ဖြစ်သည်။ မုံရွာဆုတောင်းပြည့်ဘုရား ပွဲကြီးအား သီတင်းကျွတ် လပြည့်ကျော်(၅)ရက်မှ လကွယ်နေ့အထိ (၁၀)ရက်တိုင်တိုင်ကျင်းပလေ့ရှိသည်။ အမှန်တကယ်တွင်တော့ ဘုရားပွဲဈေးသည် ၁၀ ရက်ခန့်ကြိုတင်စည်ကားနေလေ့ရှိကာ ပွဲတော်ကျင်းပရက်ကုန်သွားသော်လည်း နောက်ထပ် (၁၀)ရက်ခန့် ဆက်လက်ရောင်းချ ကျင်းပနေလေ့ရှိသဖြင့် ကျွန်တော်များငယ်ငယ်က ဘုရားပွဲတော်ရက်သည် တစ်လကြာသည်ဟု ထင်မှတ်မိခဲ့ဖူးသည်။
_.jpg

ဘုရားပွဲဈေးဆိုင်များသည် မပြန်လိုကြပဲ ဆက်လက်ရောင်းချလိုကြခြင်းမှာ ဤဘုရားပွဲကြီးအား နီးစပ်ရာရွာများနယ်များမှ အမြဲလာရောက်ကြကာ မိမိတို့လိုအပ်သော ကုန်ပစ္စည်းများအား ဝယ်ယူစုဆောင်းလေ့ရှိကြသောကြောင့် ဖြစ်သည်။ ၁၂ ပွဲဈေးသည်များသည် နှစ်စဉ်ရောင်းကောင်းသော ပွဲတော်ဖြစ်သည့်အတွက် ဆိုင်သိမ်းကာ မပြန်ချင်ကြပဲ ဆက်လက်ရောင်းချနေကြသောကြောင့် ပွဲတော်ရက်သည် ပို၍ရှည်ကြာနေခြင်းဖြစ်သည်။

ဘုရားပွဲတော်ရက် မတိုင်မှီ (၁၀)ရက်လောက်ကတည်း ပွဲတော်ကျင်းပရန် ဆိုင်ခန်းမြေနေရာများအား ကြိုတင်သတ်မှတ်ပေးထားသဖြင့် ဆိုင်ခန်းများသည် သန့်ရှင်းသပ်ရပ်ကာ ပွဲတော်အား ပို၍အသက်ဝင်စေသည်။

_.jpg

(မုံရွာမြို့ ဆုတောင်းပြည့်မြတ်စွာဘုရားပုံတော်)

စည်ကားသည်မှာ ဘယ်လိုဖွဲ့နွဲ့ပြောရမည်မသိအောင်ပင် စည်ကားသည်။ ကြက်ပျံမကျစည်ကားသည်ဆိုသည့်စကားကို သုံးရပေမည်။ ပျံသွားသောကြက်သည် ပွဲခင်းကြီးလွန်အောင် ပျံသန်းရာ မြေပေါ်သို့ပြန်၍မကျနိုင်အောင် ပွဲတော်ကြီးသည် စည်ကားကြောင်း အလက်ာမြောက်စကားဖြင့် အမွှန်းတင်လိုက်ချင်သည်။

ပွဲခင်းဈေးဟုဆိုလျင် ကျွန်တော် ပထမဆုံးမြင်ယောင်မိသည်မှာ မုန့်ပဲသွားရေစာများ ရောင်းသည့် မုန့်ဆိုင်တန်းပင်ဖြစ်သည်။ စုံလင်လှသော ရာသီပေါ် မုန့်များအပြင် အခြားသောနယ်အသီးသီးက နာမည်ကြီးမုန့်များလည်း လာရောက်ရောင်းကြသည်။ လူအများ နှစ်သက်ကြသောမုန့်အချို့ကိုပြောရလျင် ကရေကရာ၊ မုန့်သိုင်းခြုံ၊ မုန့်ခေါင်းအုန်း၊ မုန့်ကျွဲသဲ၊ မုန့်လင်မယား စသည်တို့အပြင် မန္တလေးထိုးမုန့်ဆိုင်များလည်းတွေ့ရသည်။

_crd_pauk_phaw.jpg
(Photo Crd : Pauk Phaw)

ကျွန်တော်များငယ်စဉ်ကဆိုလျင် ကရေကရာနှင့် ထိုးမုန့် မုန့်ဆိုင်တန်းသို့သွားကာ မုန့်အမြည်းတောင်းစားလေ့ရှိသည်။ မုန့်ဆိုင်များမှလည်း မိမိတို့ဆိုင်ရှေ့လာရပ်သည်နှင့် ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ အမြည်းလေးစားပါအုန်းဟုဆိုကာ သပ်သပ်ရပ်ရပ်ပန်းကန်ပြားနှင့်မုန့်များကျွေးလေ့ရှိသည်။

ပွဲဈေးတန်း ဆိုင်ခန်းများမှာ စုံလင်လှသည် အညာဒေသ အသုံးအဆောင်ပစ္စည်းများမှာ ပို၍စိတ်ဝင်စားစရာကောင်းလှသည်။ ဝါးနှင့်ကြိမ်များကိုအသုံးပြုထားသော နှီး၊ဖျာ၊ တောင်း၊ ဇကောဇကာ(စကောစကာ)များ ဝါးချိန်ခွင်များ၊ နွားနှင်တံကြိမ်လုံးများ စသည်ဖြင့် စုံလင်လှသည်။

_crd_thit_htoo_lwin.jpg
(Photo crd : Thit Htoo Lwin)

ထိုဈေးတန်းကိုလွန်လျင် ကုန်မာပစ္စည်း ကြေးသံ၊သတ္တု ပစ္စည်းအရောင်းဆိုင်များဆိုလျင် တောင်ယာသုံး ကိုင်းခုတ်ဓါးများမှသည် မီးဖိုချောင်သုံး ဓါးမ၊ ဟင်းခုတ်ဓါး အပါအဝင် အလှထားဓါးရှည်၊ဓါးတိုများလည်း ကြည့်လို့မဝအောင်ရှိလှသည်။ ကြေးပန်းအိုး၊ ကြေးကတ်ကြေး၊ ကြေးဇွန်းကြီးများမှသည် ကြေးစည်အထိ စုံလင်သောကြေးသွန်းထည်များ၊ သတ္တုများဖြင့်ပြုလုပ်ထားသော ပစ္စည်းများနှင့် ဘုရားပွဲဈေးတန်းသည် ပို၍စည်ကားနေတော့သည်။

_crd_dvd_image.jpg
(Photo crd : DVD image)

ဒါတင်ပဲလား မဆိုနှင့်အုန်း စားသောက်ဆိုင်တန်းဆိုသည်က သီးသန့်ရှိသေးသည်။ ထိုဆိုင်တန်းများတွင် လဘက်ရည်မှစကာ ဓနိရည်၊ သူရာရည်အထိ ဆိုင်ခန်းများအား တွေ့ရမည်။ ထမင်းဟင်းရောင်းသည့်ဆိုင်ခန်းများသည်လည်း တန်းလျက်တဆက်တည်းရှိကြသည်။

အဝတ်အထည်ဆိုင်များဆိုလျင် မီးရောင်စုံများထွန်းလျက် ပွဲဈေးတန်းအား ရောင်စုံဖြာစေကာ လှပနေတော့သည်။ ထိုမှဆက်သွားလျှင် ကလေးများအကြိုက် အရုပ်ဆိုင်တန်းများသည် တမျော်တခေါ်ကြီးဆီးကြိုနေကြတော့သည်။ ကျွန်တော်စိတ်ဝင်စားသော အရုပ်ဆိုင်တန်းတစ်ခုမှာ အိုးပုတ်ချိုးရုပ်လေးများရောင်းသည့် ဆိုင်တန်းလေးများဖြစ်သည်။ ထိုဆိုင်တန်းလေးများနှင့်ဆက်လျှက် စဉ့်အိုးစဉ့်ခွက်ဆိုင်တန်းများသည်လည်း စည်ကားနေမြဲဖြစ်သည်။

_.jpg

ပွဲတော်ဈေးသည် သီတင်းကျွတ်လပြည့်ကျော်(၈)ရက်နေ့တွင် အစည်ကားဆုံးဖြစ်သည်။ ထိုနေ့တစ်နေ့တည်းတွင် ကလေးပျောက်တိုင်ကြားသည့်အမှုများ ဆယ်ယောက်ဆယ့်ငါးယောက်ခန့်ရှိတတ်သည်။ ကလေးများသည် မိမိတို့မိသားစုနှင့် ကွဲသွားကာ ကြိတ်ကြိတ်တိုးနေသောလူအုပ်ကြားမတိုးရဲ၍ တစ်ချို့သောဆိုင်ခန်းလေးများဘေးတွင် ငိုယိုကာနေတတ်ကြသည်။ ပွဲတော်လုံခြုံရေးအဖွဲ့သည် အဖွဲ့ခွဲများစွာဖြင့် ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ခြင်း၊ လုယက်ခြင်း၊ အလစ်သုတ်ခြင်းများမှအစ ကလေးပျောက်များအထိ လိုက်လံဖြေရှင်းပေးကြသည်။ မိသားစုနှင့်ကွဲနေသော ကလေးများသည် မိသားစုနှင့် ပြန်လည်တွေ့သွားကြမြဲပင်။

ယခုဆိုလျှင် ကျွန်တော်ချစ်သော ဤဘုရားပွဲတော်ကြီး မကျင်းပနိုင်သည်မှာ ကိုဗစ်နိုင်တင်း ပထမလှိုင်းမှသည် ယခု မင်းအောင်လှိုင် လှိုင်းအထိဆိုလျင် ၂နှစ် ပွဲပျက်ခဲ့ပါသည်။ ပွဲတော်ကျင်းပခွင့်မရသလို ပွဲတော်ကျင်းပရန်လည်း နယ်သူနယ်သားများက ဆန္ဒမရှိကြောင်း ပြောနေလေ့ရှိကြသည်။

လာမည့်နှစ်သီတင်းကျွတ်တွင်တော့ စည်ကားလှသောဘုရားပွဲတော်ကြီးအား တမ်းတမျှော်မှန်းနေမိပါတော့သည်။ ကျွန်တော်များ နယ်သူနယ်သားများ အနေနှင့်ဘုရားပွဲတော်ကြီးအား မဆင်နွဲနိုင်သော်လည်း လူတိုင်း၏ရင်ထဲ၊ နှလုံးသားထဲတွင်တော့ ဘုရားပွဲတော်ကြီးသည် အမြဲရှိနေပါတော့သည်။

@nyimwa
3.11.2021 : PM



0
0
0.000
10 comments
avatar

အမလေးလွမ်းစရာကောင်းပါ့နော်။ မန်းလေးမှာဆိုရင်လည်း ဘုရားပွဲတွေမဖြစ်တာကြာပေါ့။ ဖြစ်လည်းမသွားချင်ပါဘူး။
နိုင်ငံတည်ငြိမ်မှ ပေါင်းပျော်တော့မယ်။

0
0
0.000
avatar

ဟုတ်တယ်ဗျာ ဘုရားပွဲဈေးတွေက လွမ်းစရာပါ။ မကြာခင်ပျော်ရမယ်ထင်ပဗျာ။

0
0
0.000
avatar

ဟုတ်ပ ပွဲဈေးတန်းမြင်တာနဲ့တင် လွမ်းလှပီ။ နောက်နှစ်တော့ ပွဲဖြစ်ပါစေ ပျော်စရာတွေ စုပြုံပျော်ကြမယ်။ !PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျို့ နောက်နှစ်ပွဲဈေး မျှော်နေမယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(2/10) tipped @nyimwa (x1)
nyinyiwin tipped nyimwa (x1)
htwegyi tipped nyimwa (x1)
kachinhenry tipped nyimwa (x1)

Join us in Discord!

0
0
0.000
avatar

ဘုရားပွဲ တခါမှ မရောက်ဘူးပါ။ ဈေးတန်းတွေတော့ စိတ်ဝင်စားမိပါ့။ အမေလူထု ဒေါ်အမာရဲ့ ၁၂ ပွဲ ဈေးသည် စာအုပ်ဖတ်ပြီးနောက် အညာ ဘုရားပွဲ တခါလောက် သွားကြည့်မယ် အားခဲထားတာ။ !PIZZA

0
0
0.000
avatar

အားခဲထားပါ ကိုဟင် အခွင့်ကြုံရင် ကျွန်တော်များ အညာဘုရားပွဲတစ်ခုမှာ ဖိတ်ခေါ်ပီး လိုက်ပြချင်စမ်းပါဘိ။

0
0
0.000
avatar

အတူတူပါပဲဗျာ ဘုရားပွဲတွေ လွမ်းရပ။
!PIZZA

0
0
0.000
avatar

လွမ်းဆို တနှစ်မှတစ်ခါလေးလုပ်ရတာ ပျော်ရတာကိုးဗျာ။

0
0
0.000
avatar

ဟုတ်တယ် ဘုရားပွဲတွေ အရမ်းကို သွားချင်နေမိပြီ။ အရမ်းပျော်စရာ ကောင်းတဲ့ အချိန်တွေပဲပေါ့။...!PIZZA

0
0
0.000