“ငပြူးမွှေးတဲ့မီး”
“ငပြူးမွှေးတဲ့မီး”
မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
အခြေနေများ ရှုတ်ထွေးနေသဖြင့် စာရေးရန်ပင် အားမရှိတော့ချေ။ တောင်ပြေးလိုက် မြောက်ပြေးလိုက်နှင့် မောပန်းနေပါပီ။ ကိုယ့်ဒုက္ခနှင့်ကိုယ် အသက်လုပြေးနေရင်းမှ ရပ်ကွက်ထဲမှ ငပြူးအား စိတ်ထဲမှ ဆဲရေးတိုင်းထွာနေမိသည်။ ဟုတ်သည် - ယမန်နေ့က ကျွန်တော်တို့မိသားစုအပါအဝင် အရပ်ထဲမှ အိမ်ထောင်စု တော်တော်များများ အသက်လုပြေးလိုက်ရသည်။ အကြောင်းကား အရူးငပြူးကြောင့်ဖြစ်သည်။
သူ့နာမည်က “ငပြူး” လူက ရူးကြောင်ကြောင်ဖြစ်နေ၍ ကွယ်ရာတွင် အရူးငပြူးဟု ခေါ်ကြသည်။ ယခင်လေးငါးနှစ်လောက်က ငပြူးသည်မရူးသေးပါ၊ ယခုကဲ့သို့ အရူးဘွဲ့ကိုရခဲ့သည်မှာ မကြာသေး။ လူမှန်းသူမှန်း မသိအောင် အရက်များအလွန်အကျွံသောက်ရာမှ ဦးဏှောက် ဂလောက်သွားခြင်းဖြစ်နိုင်သည်။
လွန်ခဲ့သည့် တနှစ်လောက်ကစကာ ထိုငပြူး အရက်များ နေ့စဉ်ရက်ဆက်သောက်နေရာမှ တနေ့တွင် ဘုန်းကနဲပြစ်လဲကာ ဆေးရုံတင်လိုက်ရသည်။ ထို့နောက် ဆေးရုံတွင် ဆယ်ရက်ခန့်ကြာ ဆေးကုသနေရာမှ အရပ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက်တွင်တော့ ရူးကြောင်ကြောင်အလုပ်များ စတင်ကာ လုပ်ရာမှ ငပြူးနာမည်ရှေ့က အရူးထပ်တိုးလာခြင်းဖြစ်တော့သည်။
(Photo credit Facebook )
ငပြူး၏ ရူးကြောင်ကြောင်လုပ်ရပ်များကို စာဖွဲ့ပြောရလျင်ကုန်မည်မထင် သူလုပ်လိုက်သည့် ကိစ္စတိုင်းက နောက်လိုက်မလွတ်ဟု သူ့မိဘများက အမြဲပြောတတ်သည်။ တနေ့ကလည်း မိဘများအပြင်သွားခိုက် သူ့အား အိမ်ပြင်ပ မထွက်စေရန် အိမ်ခြံဝင်းအား သော့ခတ်ထားခဲ့ကြသည်။ ခဏအကြာ ငပြူးသည် မီးဒုတ်တလက်ဖြင့် အိမ်ခေါင်မိုးပေါ် ဘယ်သို့ဘယ်ပုံရောက်နေသည်မသိ အိမ်နီးနားပါတ်ဝန်းကျင်မှ ဝိုင်းအော်ကြ၍ အိမ်ကိုမီးမရှို့ခင် အရပ်သားများဝိုင်းဆွဲချလိုက်ရသည်။ ကံသီပေလို့ပေါ့ မီးဘေးအန္တရာယ်မှ လက်မတင်လေး လွတ်ငြိမ်းချမ်းသာ ရလိုက်ကြသည်။ ငပြူးသည် ထိုသို့ ရူးကြောင်ကြောင်ထလုပ်သူဖြစ်သည်။
အရက်သောက်ထားချိန်ရော အရက်မသောက်ထားချိန်ပါ သူ့အတွက် ရူးကြောင်ကြောင်အလုပ်များသည် အချိန်ပြည့်ရှိနေတော့သည်။ အရပ်ထဲမှ အိမ်နီးနားချင်းများဆိုလျင် ငပြူးသီချင်းဆိုသံကို နားစွင့်နေကြရသည်။ အဘယ်ကြောင့် ငပြူးသီချင်းဆိုသံကို နားစွင့်နေရနည်းဟုဆိုလျင် ထိုမောင်ငပြူး သီချင်းဆိုသံတိတ်သွားလျင် တစ်ခုခုတော့ ထဖေါက်တော့မည့် ရှေ့ပြေးနမိတ်ဖြစ်နေ၍တည်း။
သူဆိုသော သီချင်းသည် သူ၏နောက်လုပ်မည့် ရူးကြောင်ကြောင်အလုပ်၏ တစိတ်တဒေသ အရိပ်အမြွတ်လည်းဖြစ်နေတတ်သည်။ သူစိတ်စွဲလမ်းရာ ထလုပ်ခြင်းဖြစ်နိုင်သည်။ အိမ်ခေါင်မိုးပေါ် မီးဒုတ်နှင့်တက်သည့်နေ့က “အချစ်ကမီးလား” ဆိုသည့်သီချင်းကို ထပ်ကာထပ်ကာဆိုနေသည်ကို သတိထားမိသည်။
ငပြူး၏မိဘများမှာ ဆင်းရဲနွမ်းပါးလွန်းသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် နှစ်ဦးလုံး အလုပ်ကြမ်း ထွက်လုပ်ကြရသည်။ ထိုအချိန်တွင် ငပြူးအား အိမ်တွင်သော့ခတ်ကာ ပစ်ထားခဲ့ကြသည်ကများသည်။ သူတို့ အလုပ်သွားမည်ဆိုလျင်အရပ်ထဲ၊ အိမ်နီးနားချင်းများအား ငပြူးကိုကြည့်လိုက်ကြပါအုန်းလို့ လိုက်လံအသိပေးကာ သွားကြတော့သည်။
သို့နှင့် ကျွန်တော်များ အသက်လုပြေးရသည့်အကြောင်းဇာတ်လမ်းသည် စလာခဲ့ရသည်။ ထိုနေ့က မောင်ငပြူး ဘယ်ကဘယ်လို ကြားလာ၊ မှတ်လာသည်မသိ “သွေးသစ္စာ”သီချင်းအား တကြော်ကြော်အော်ကာ ဆိုနေတော့သည်။ ထိုသီချင်းသံကို အိမ်နီးနားချင်းများ ကြားရလေတော့မှ ခေါင်းနပန်းများကြီးကုန်ကြရသည်။ ဟာ ဒီငပြူး ပြဿနာမီးထွန်းရှာပြန်ပီဟေ့ သတိထားနေကြဟလို့ အချင်းချင်းလက်တို့ အသိပေးနေကြရသည်။
ထိုနေ့တနေကုန်သွားသော်လည်း ငပြူး၏ပြဿနာအိုးက မကွဲသေးပါ။ အရပ်ထဲမှ အိမ်နီးနားချင်းများလည်း သူ့သီချင်းသံတိတ်သွားပီး ညအိပ်ချိန်ရောက်ကြ၍ အေးအေးလူလူမအိပ်နိုင်ကြ ဘယ်အချိန် ထဖောက်မည်ကိုသာ စိတ်တထင့်ထင့်ဖြင့် မိုးလင်းခဲ့ရသည်။
ငပြူး၏ ပြဿနာသည် မိုးလင်းမှစခဲ့သည်။ “ငပြူးအိမ်ကပျောက်သွားလို့တဲ့” ဆိုသည့်သတင်းသည် အရပ်ထဲတွင် ပျံ့သွားတော့သည်။ ဘယ်သူတစ်ဦးတစ်ယောက်မှမသိလိုက် ငပြူး တစ်ယောက်အိမ်မှပျောက်သွားသည်။ ညအချိန် လူသူအိပ်နေချိန် အိမ်မှခိုးထွက်သွားခြင်းဖြစ်နိုင်သည်။
ထိုနေ့နံနက်ခင်း နေခြည်နွေးနွေးအောက်တွင် ကျွန်တော်များမိသားစုအပါအဝင် ငပြူး၏အိမ်နီးနားချင်းများ ချွေးပြန်နေကြတော့သည်။ အကြောင်းမှာကား ကျွန်တော်များ နေထိုင်ရာ လမ်းများတွင် စစ်ကားများ သုံးလေးစီးမက လမ်းထိပ်များတွင် ပိတ်ရပ်ထားကြကာ စစ်သားဆယ်ယောက်ခန့်က ငပြူးကို ကြိုးများဖြင့်ချည်တုပ်ကာ သူ့အိမ်ထဲသို့ ဝင်သွားကြသည်။ လမ်းထိပ်မှာ စစ်သားများသည် သေနတ်များကို တဖောင်းဖောင်းဖောက်ကာ နေကြသည်။ မောင်ငပြူး၏ အိမ်ဝိုင်းအတွင်းတွင်လည်း သေနတ်သံများ ဆူညံသွားသည်။ ဒုက္ခပဲ ငပြူးတို့မိသားစုတော့ သေပီထင်တယ် ငတို့အိမ်တွေလဲ ဘေးမကင်းဘူး ပြေးကြမှပဲလို့ ဘေးအိမ်နှစ်အိမ်ကို တိုင်ပင်ကာ ထွက်ပြေးရန်စီစဉ်ရတော့သည်။ ထို့နောက် ကျွန်တော်များ နီးစပ်ရာ မိသားစုအချို့သည် အရေးပေါ်အထုပ်လေးများ ကိုယ်စီပိုက်လျက် နောက်ဖေးလမ်းကြားမှ အသက်လုကာ ပြေးကြရသည်။
ပြေးနေရင်းမှသည် မောင်မင်းကြီးသားငပြူး ဒီတစ်ခါရှို့တဲ့မီးဒုတ်က ကြီးတယ်ဟေ့လို့ မှတ်ချက်ချနေမိသည်။ ထိုသတင်းသည် ထိုနေ့၏ ရပ်ကွက်တွင်းသတင်းခေါင်းကြီးပိုင်းတွင် ခန့်ခန့်ကြီး ရှိနေတော့သည်။ အရပ်ထဲက ငမူးငကြောင်အရူးက သွေးသစ္စာသီချင်းဆိုပီး မြို့ထဲလမ်းမပေါ်တွင် ဖိနပ်မပါတစ်ကိုယ်တည်း လမ်းလျောက်နေချိန် စကစတပ်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟူသတတ်။
ဇာတ်လမ်းချုပ်ရသော် သေနတ်များတဒိုင်းဒိုင်းဖောက်ခြင်းသည် အရပ်ထဲမှ လူများအိမ်ပြင်ထွက်မလာရန် ခြောက်လှန့်ခြင်းဖြစ်သည်။ ငပြူး၏အိမ်ထဲတွင် သေနတ်သံများ ဆူညံသွားခြင်းသည် မိုးပေါ်ထောင်ပစ်ကာ ခြောက်လှန့်ခြင်းဖြစ်သည်။ ငပြူးမိဘများက ငိုယိုကာ သူတို့သားလေးသည် အရူးဖြစ်ကြောင်း ဆေးရုံမှ ထုတ်ပေးလိုက်သော အရူးလက်မှတ်အား ထုတ်ပြကြကာ တောင်းပန်လိုက်ကြရသည်။ နောက်တခါ ဒီလို လုပ်ရင် အသေပြစ်သတ်မည်ဟု ကြိမ်းဝါးကာ ငပြူးတို့မိသားစု သုံးယောက်အား သေနတ်ဒင်ဖြင့် ဆောင့်သွားကြသည်ဟု သိလိုက်ရသည်။ သို့နှင့် ထိုစကစများ ကြိတ်မနိုင်ခဲမရနှင့် ပြန်သွားကြသည်။
ထိုမောင်ငပြူး သူကတော့ အရူးလက်မှတ်နှင့် အသက်ချမ်းသာရာရလိုက်သည်။ ကျွန်တော်များ အိမ်နီးနားချင်းများမှာကား အသက်ကိုဖက်နှင့်ထုပ်ကာ ပြေးလိုက်ရသည့်အဖြစ်။ ဟူး-- အရူးငပြူးရယ် ဒီတစ်ခါ မင်းမွှေးတဲ့မီးက တော်တော်ပြင်းပါလား။
မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။
9.11.21: PM
အော်အဖြစ်က ဒီလိုကိုး... ။ငပြူးအရူးနဲ့ အိမ်နီးနားချင်းတွေ ကတော့ လေ့ကျင့်ပြီးသား ဖြစ်နေပြီပေါ့....
ဟုတ်တယ်ဗျာ ငပြူးမရူးခင်ကကောင်းတယ် အခုရူးကာမှ အန္တရာယ်ကောင်ဖြစ်နေပီ။😂
ဖြစ်ရလေငပြူးရယ်။ ဒီချိန်ကျမှ ဒီသီချင်း ထဆိုရသလား။ တော်သေးတာပေါ့။
ပြေးလိုက်ရတာ မောလို့ဗျ။ 😂😂
Yay! 🤗
Your content has been boosted with Ecency Points, by @nyimwa.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
ငပြူးက ပြဲတယ် ဆိုတာ အဲဒါ ဖြစ်ပါလိမ့်မယ်။ အရူးတောင် သီးချင်း လွတ်လွတ်လပ်လပ် မဆိုရတဲ့ ခေတ်... !PIZZA
ဟုတ်ပ ကိုဟင်ရာ အိမ်ဘေးမှာ အရူးတယောက်ရှိတာကလဲ ဒုက္ခတစ်မျိုးထင်ပ။
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nyimwa (x1)
@htwegyi(7/10) tipped @nyimwa (x1)
Learn more at https://hive.pizza.
အင်း ကြုံရ ဆုံရ ဘုံဘဝပ။
!PIZZA
ကြုံရတာတွေများလို့ လူလဲ လုံးချာလည်နေပီဗျို့။ 😁