“ကျွန်တော်နှင့် ဆေးပေါင်းခသောညတည”

avatar

“ကျွန်တော်နှင့် ဆေးပေါင်းခသောညတည”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
nyimwa_hive_cover_photo.jpg

“ဆေးပေါင်းခတဲ့ည အာဟ--ဆေးပေါင်းခတဲ့ညာ့ အာဟ”
တဖက်အိမ်မှ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက် အဆိုတော်ဇော်ဝင်းထွဋ်၏ ဆေးပေါင်းခတဲ့ည တေးသီချင်းအား စိတ်လိုလက်ရ သီဆိုနေသံကို ကျွန်တော်စာဖတ်နေရင်းမှ သူ့သီချင်းအလိုက်ကို ခေါင်းတညိမ့်ညိမ့်နှင့် လိုက်ဆိုနေမိသည်။

အော်ဘာလိုလိုနှင့် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့သို့ပင်ရောက်ရှိလို့လာပါပေါ့လား။ ဒီလိုညမျိုး ကျွန်တော့်ဘဝတွင် အကြိမ်လေးဆယ်ကျော် ဖြတ်သန်းခဲ့ဖူးပြီ။ အကြိမ်တိုင်းသည်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် မတူကွဲပြားသော စိတ်ခံစားမှုများကို ပေးစွမ်းရရှိခဲ့၊ ကြုံခဲ့ဖူးပါသည်။ ကျွန်တော်တစ်ယောက် ထိုထိုဤဤစဉ်းစားရင်း ငယ်စဉ်က တန်ဆောင်တိုင်ညလေးများကို ပြန်လည်အမှတ်ရမိနေတော့သည်။

ငယ်စဉ်က အခုလို တန်ဆောင်တိုင်ည မတိုင်ခင် အရင်နှစ်ရက်လောက်ကတည်းက သူငယ်ချင်းဆိုးဘက်တေဘက် များနှင့် တိုင်ပင်လူစုကြသည်။ ဆိုးဖော်တေဖက်များဆိုပေမယ့် လူဆိုးလူတေများမဟုတ်ကြပါ။ သူငယ်ချင်းစိတ်ဓါတ် အပြည့်ရှိကာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြပီး ဆိုးတူကောင်းဖက် အတူလက်တွဲလာသူများ ဖြစ်ကြသည်။

ကျွန်တော်တို့ ညီအစ်ကိုတစ်မျှချစ်ခင်ကြသော သူငယ်ချင်းသုံးဦးရှိသည်။ သွားအတူ၊ စားအတူ၊ ကျောင်းတက်အတူတူ။ တစ်ယောက်က စိတ်ညစ်နေလျှင် ကျန်သူများပါလိုက်ညစ်ကြသော သူငယ်ချင်းကောင်း လည်ပင်းဖက် ညီအကိုအရင်းများကဲ့သို့ ဖြစ်ကြသည်။

တနှစ်က(လွန်ခဲ့သော ဆယ်ငါးနှစ်ကျော်ဆီက) ကျွန်တော်တို့ သူငယ်ချင်းသုံးဦး စုစည်းကြကာ ထိုနှစ် တန်ဆောင်တိုင်ညအတွက် တစ်ယောက်သောသူ၏ ရွာတွင်သွားရောက်လည်ပါတ်ကြမည်ဟု စိတ်တူကိုယ်တူ တိုင်ပင်မိကြသည်။

သူငယ်ချင်း၏ရွာလေးသည် ကျွန်တော်တို့နေသော မြို့နှင့်အလှမ်းမဝေးသောရွာလေးဖြစ်သည်။ ဆိုင်ကယ်ဖြင့် သွားလျှင် တစ်နာရီခရီးခန့် အေးအေးလူလူသွား၍ရသည်။ သွားလမ်းသာ၍ လူနေစည်ကားသော ရွာလေးဖြစ်သည်။ ထိုရွာလေးတွင် သူငယ်ချင်းဖြစ်သူ၏ ဘကြီးရှိသည်။ ကျွန်တော်တို့ ရောက်လာလျှင် ရောက်လာချင်း ထိုဘကြီးမှ လှိုက်လှဲပျူငှာစွာဆီး၍ကြိုလေသည်။

တန်ဆောင်တိုင်ညတွင် အမှတ်တရ သူငယ်ချင်းများနှင့် လာ၍လည်ကြောင်း၊ ဘကြီးအိမ်တွင်ညအိပ်မည်ကို ပြော၍ခွင့်တောင်းကြရာ ဘကြီးမှ ဝမ်းပမ်းတသာ ခွင့်ပြုလေသည်။ မတွေ့တာကြာသော မြေးဖြစ်သူကို ချစ်၍တစ်ကြောင်း ကျွန်တော်တို့ လူငယ်များချစ်ချစ်ခင်ခင်ဖြင့် အတူတကွလာလည်သည်ကို ဘကြီးဖြစ်သူမှာ အကြေနပ်ကြီးကြေနပ်နေသည်။ ကျွန်တော်တို့အတွက် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးမည်ဟုလည်း နှုတ်မှ တဖွဖွပြောနေရှာသည်။

ထိုရွာမှ ကျွန်တော့သူငယ်ချင်းတွင် ထိုဘကြီးတစ်ဦးတည်းရှိယုံမက ဦးကြီး၊ ဦးလေးများလည်း ရှိသေးကြောင်းသိရသဖြင့် သူ့ဦးကြီး၊ ဦးလေးများထံ သွားရောက်လည်ပါတ်ကြသည်။ မြို့မှ တူနှင့် သူငယ်ချင်းများ ရွာတန်ဆောင်တိုင်ကို လာရောက်လည်ပါတ်ကြသည်ဟု သိရသည်နှင့် ဦးကြီး၊ ဦးလေးများကလည်း ဝိုင်း၍ မုန့်ဘိုးပေးကြသည်။ ပျော်စရာကြီးပါပေ။

ထိုရွာလေး၏ အိမ်တိုင်းအိမ်တိုင်းမှာ တစ်ခုထူးခြားသည်က တန်ဆောင်တိုင်ည မတိုင်မှီ နေ့ခင်းကတည်းကပင် မုန့်ပဲသွားရည်စာများအား လင်ဗန်းများ၊ ပန်းကန်ခွက်ယောက်များဖြင့် စတုဒီသာကျွေးခြင်းအဖြစ် အိမ်ရှေ့အသီးသီးတွင် ခင်းကျင်းကာ ကျွေးထားကြသည်။ အယုတ်အလတ်အမြတ်မရွေး လိုချင်သူယူစား စတုဒီသာ ခင်းကျင်းထားခြင်းပင်ဖြစ်သည်။ ချစ်စရာဓလေ့လေးတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်၏ ပုဆိုးခါးပုံစများတွင် မုန့်ပေါင်းစုံဖြင့် ပြည့်၍သွားတော့သည်။

ရွာထဲရှိ အိမ်များသို့လည်ပါတ်ရာတွင် သိသောအိမ်များပါသလို မသိသောအိမ်များကိုလည်း ဝင်ထွက် လည်ပါတ်ကြသည်။ အိမ်တိုင်းကလည်း လာသမျှဧည့်သည်တို့အား မုန့်ကျွေးခြင်း၊ ရေနွေးကြမ်း တိုက်ခြင်းများ ပြုကြသည်။ လက်ဖက်သုပ်နှင့် မယ်ဇလီဖူးသုပ်များက အိမ်တိုင်းတွင်အလျံပါယ်စားရသည်။ အပြန်တွင်လည်း မုန့်လက်ဆောင်များထည့်ပေးလိုက်ကြသည်။

သူငယ်ချင်းဖြစ်သူမှ ကျွန်တော်တို့အား “မင်းတို့ ဒီညလိုချင်တာရှိရင် ကြိုပြောထားကြနော်၊ အိမ်ရှင်ကို အသိပေးထားရင် အဆင်ပြေတယ်”လို့ ထူးထူးဆန်းဆန်း ပြောလာသည်။ “ဟ- ဘယ်လိုလဲဟ ငတို့နားမလည်ဘူး” “ဒီလိုကွာ တို့ရွာမှာ ထုံးစံတစ်ခုရှိတယ်၊ အခုလို တန်ဆောင်တိုင်ဆိုရင် ကာလသားတွေက တို့လိုပဲ စုပီး ရွာထဲလည်ကြတယ်ကွာ” “အေးအဲဒါက ဘယ်အိမ်မှာ ဘာရှိတယ်ဆိုတာ သူတို့ညမှာ အပျော်ထွက် ခိုးပွဲလုပ်ချင်ကြလို့ ကြိုပီးထွက်ကြည့်ကြတာပဲဟ” “ဟင် ဘယ့်နှယ်ဟာကြီးလဲကွာ၊ ကြိုကြည့်ထားတာတော့ ထားပါတော့၊ ကြိုပြောထားရတယ်ဆိုတော့ကွာ၊ အိမ်ရှင်က သိပီး ဖွက်ထားမှာပေါ့ဟ”။

အေး အဲဒါ တို့ရွာမှာ ထုံးစံပဲကွ၊ တန်ဆောင်တိုင် အပျော်ထွက်ခိုး ကစားကြတယ်ဆိုတာထက် လူငယ်တွေ လမ်းမှားမလိုက်မိအောင် လူကြီးတွေက စည်းကမ်းချမှတ်ထားပေးခဲ့တာကွ။ ဒီလိုကွာ တစ်ချို့က တန်ဆောင်တိုင် သူခိုးညဆိုပီး ပျော်စေပျက်စေ သီးပင်စားပင်လေးတွေခိုးတာတင်မကဘူးကွ အိမ်ရှင်ရဲ့ တန်ဘိုးရှိပစ္စည်းတွေပါ ခိုးကြတာတွေရှိတော့ လူကြီးတွေက လူငယ်တွေ အပြစ်မဖြစ်အောင် ခုလို ဓလေ့တစ်ခု လုပ်ပေးထားပေးတာ။

ဥပမာကွာ ကာလသားတွေ ညကျရင် အရက်သောက်မယ် ပျော်ပွဲစားလုပ်ကြမယ်ဆိုပါစို့။ သူတို့အရက်နဲ့မြည်းဘို့ ကြက်ကိုအဓိကထား ခိုးပီးသတ်စားကြတယ်လေ။ အဲလိုလုပ်တာက တဖက်သားရဲ့ အိမ်မှာမွေးထားတဲ့ ကြက်ကို ခိုးယူသတ်စားတော့ တပြစ်ကနေ နှစ်ပြစ်ဖြစ်တော့တာပေါ့ကွာ။ အဲလိုမဖြစ်ရအောင် လူငယ်တွေက အိမ်ရှင်တွေကို ပွင့်ပွင့်လင်းလင်းပြောပီး အလှုခံရတယ်ကွ။ အိမ်ရှင်ကလည်း သူ့ကြက်အစား ကြက်သားဘိုး အလှူငွေ ထည့်ပေးလိုက်ကြတယ်လေ။ ဒီလိုလုပ်တော့ လူငယ်တွေလဲ အပြစ်မဖြစ်ကြသလို သူတို့ ပျော်ရွှင်ချင်တာလဲ ပျော်လို့ရသွားကြတာပေါ့။ အလှူငွေရတာနဲ့ စုပီး ရွာဈေးမှာ ကြက်သားသွားဝယ် ညကျတော့ ကာလသားချက် ချက်စားကြ၊ အရက်နဲ့မြည်းကြပေါ့ကွာ။

“အဲဒါကြောင့် မင်းတို့လိုချင်တာရှိရင် ကြိုပြောထားလို့ ငါကပြောပြတာဟ”။ ဟုတ်ပေသည် အခုမှပဲ သဘောပေါက်ရှင်းသွားတော့သည်။ “ကိုင်းဒါဆို ငါတို့အဖွဲ့က ဒီည ဘာလုပ်ကြမလဲ” “အရက်တော့မသောက်ချင်ဘူးကွာ တခြားပျော်စရာ တစ်ခုခုလုပ်ကြမယ်လေ” “အေးငါတို့လာတာကလဲ ဗဟုသုတရအောင် စိတ်ပျော်ရွှင်အောင်ဆိုတာက အဓိကလေ၊ ဒီတော့ ငါ့ညီမဝမ်းကွဲတွေနဲ့ ဒီည အသုပ်စုံလုပ်စားကြရအောင်”။

လူငယ်ကာလသားများကဲ့သို့ပင် မိန်းကလေးများကလည်း တန်ဆောင်တိုင်ညတွင် စုစည်းကြကာ အိမ်နားနီးချင်းများထံမှ သဘော်သီး၊ ငရုပ်သီး၊ ခရမ်းချဉ်သီး စသည်ဖြင့် အလှုခံပီး စုထားကြသည်။ ညရောက်လျှင် အိမ်ဝိုင်းတစ်ခုတွင် စုကာ အသုပ်စုံလုပ်၍ ဝိုင်းဖွဲ့စားကြသည်။ ပျော်စရာ ရွာဓလေ့သီချင်းများသံပြိုင်သီဆိုကြကာ ကသည့်သူကက လက်ခုပ်တီးပေးသူကတီးပေးနှင့် တစ်ညလုံး ပျော်ရွှင်ကြသည်။
ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်သည် ထိုအကြံကို သဘောတူကာ ရွာထဲမှ ဦးကြီး၊ဦးလေး၊ ဘကြီးများတို့အိမ်မှ သဘော်သီးများ လိုက်လံတောင်းခံယူကာ သူငယ်ချင်း၏ ညီမဝမ်းကွဲများအဖွဲ့သို့ သွားရောက်ပူးပေါင်းကြလေသည်။ မယ်ဇလီဖူးများလည်း အိမ်တိုင်းမှ ဝေပေးသဖြင့် အသုပ်စုံလုပ်ရန် ပြည့်စုံသွားလေတော့သည်။

ထိုနေ့ညနေစောင်းလျှင် ရွာထဲမှ သက်ကြီး၊သက်ငယ်၊ လူရွယ်လူလတ်မကျန် ဝတ်ကောင်းစားလှများဝတ်လျက် ရွာဦးဘုန်းကြီးကျောင်းသို့ ဆီမီးတိုင်များ ကိုယ်စီကိုင်ဆောင်ကာ သွားလာနေကြသည်။ သူငယ်ချင်းဖြစ်သူမှ ညစောစောပိုင်း လပြည့်ကြီးမထွက်ခင် ရွာဦးဘုန်းကြီးကျောင်းမှာ ဆီမီးကပ်ကြတယ်၊ မီးပုန်းပျံလွှတ်ပွဲလဲ ရှိသေးတယ် တို့သွားကြမယ်လေဟုပြောလာသည်။

_.jpg

(တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံလွှတ်ပွဲ မြင်ကွင်းတစ်ခု)

ဟုတ်ပေသည် တစ်ရွာလုံးကျွတ် စုဝေးကြကာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဆီမီးများတန်ဆာဆင်လျက် ဘုရားရှင်အားရည်စူးကာ ပူဇော်မှုပြုကြသည်။ မီးပုန်းပျံလွှတ်ပွဲအား ရွာဦးကျောင်းဆရာတော်ကိုယ်တိုင် ဦးစီးကွပ်ကဲလျှက် လူငယ်၊ လူကြီးများက ဝိုင်းဝန်းဆောင်ရွက်ကြသည်။ မှိုင်းဝ၍ ကောင်းကင်သို့တက်သွားသော မီးပုန်းပျံကြီးကိုကြည့်ကြလျက် ပျော်ရွှင်စွာဖြင့် ဒိုးပတ်ဝိုင်းများနှင့် ကခုန်ကြသည်မှာ ကြည့်၍မဆုံး ပျော်မဆုံး မော်၍မဆုံးပင်။

_.jpg

( photo Crd )

ထိုမှနေ၍ တန်ဆောင်တိုင်လပြည့်ဝန်းကြီး အရှေ့အရပ်ဆီမှ ထွက်ပြူလာချေသည်။ လူငယ်များလည်း ဘုန်းကြီးကျောင်းမှပြန်ကြကာ မိမိတို့ ကြိုတင်စီစဉ်ထားသည့်နေရာများသို့ သွားရောက်ကြကာ ဝိုင်းဖွဲ့ စားသောက်ပွဲ စကြလေတော့သည်။

ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်သည်လည်း အသုပ်စုံများ လက်မလည်အောင်စားကြရင်း ထွက်ပြူလာသော တန်ဆောင်တိုင် လမင်းကြီးအားကြည့်လျှက် ကြည်နူးပျော်ရွှင်ခဲ့ရပါသည်။ အိမ်ဝိုင်းကြီးအလယ် ကွပ်ပျစ်ကျယ်ကြီးပေါ်တွင် သုံးယောက်သား ဗိုက်ကားကာ လှဲလျောင်းကြရင်း လပြည့်လမင်းကြီးအား လှမ်းကြည့်နေမိကြသည်။ မနက်စောစော ပံ့သကူထွက်ကောက်ရအောင်ဟေ့လို့လည်း စကားအတူပြောရင်း တိုင်ပင်မိကြသည်။ ကျွန်တော်တို့ သုံးယောက်၏ နှလုံးအိမ်တွင် ယခုလို ချစ်စရာဓလေ့များနှင့် အသက်ဝင်လျှက်ရှိသော ရွာကလေးအား တသက်တာတွင် မေ့၍ရနိုင်တော့မည်မဟုတ်ပါပေ။

“ဆေးပေါင်းခတဲ့ည အာ့ဟာ-- ဆေးပေါင်းခတဲ့ ညာ အာဟ” တစ်ဖက်အိမ်ဝင်းမှ လူငယ်လေး၏ သီချင်းဆိုသံသည် ကျွန်တော့အတွေးတို့အား ရပ်တန့်သွားစေသည်။ အင်းဒီညအတွက် ဟိုက်ဗ်ပလက်ဖောင်းမှာ ပိုစ်တစ်ပုဒ်ရေးစရာရပေပြီဟု ကျွန်တော်တစ်ယောက်တည်း ပြုံး၍မှတ်ချက်ပြုမိသည်။

မြန်မာပြည်သူပြည်သားအားလုံး ဆေးပေါင်းခသောညမှာ ကျန်းမာချမ်းသာကြပါစေ။
dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyimwa
18.11.21: PM

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg



0
0
0.000
9 comments
avatar

ရိုးရာဓလေ့ ပျော်စရာပါ ပျော်စရာကို အပျက်တွေက ဖက်လာတာ။
!PIZZA
!LOLZ

0
0
0.000
avatar

တကယ့်ရိုးရာဓလေ့လေးတွေက ချစ်စရာပါ။ !LOLZ

0
0
0.000
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You received more than 800 upvotes.
Your next target is to reach 900 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000
avatar

တန်ဆောင်မုန်းတော့ မယ်ဇလီဖူးသုပ်လေး စားရင်းနဲ့သာ...!PIZZA

0
0
0.000
avatar

ဟုတ်ပ မယ်ဇလီဖူးသုပ်လေး စားရင်း ကြေနပ်လိုက်ရတော့တယ် !LOLZ

0
0
0.000
avatar

ပျော်စရာကောင်းလိုက်တာ။
ချစ်စရာရွာကလေး။
ခုထိဓလေ့မပျက်ပါစေနဲ့ဆုတောင်းပါတယ်။

0
0
0.000
avatar

အခုထိ သူတို့ ဓလေ့ကို မပျက်စီးစေပဲ ထိန်းသိမ်းထားနိုင်သေးပါတယ်ဗျ။ ရွာလေးက နေချင်စရာအေးချမ်းတဲ့ရွာလေးပါ။
!LOLZ

0
0
0.000