“ဒုက္ခကိုယ်စီ ငြိမ်းစေချင်သည်”

avatar

“ဒုက္ခကိုယ်စီ ငြိမ်းစေချင်သည်”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

img_20180715_174412.jpg

ကျွန်တော်၏ ယနေ့စိတ်ကူးသည် စာရေးရန်နှင့် ပိုစ်တင်ရန် အစီအစဉ်မရှိပါ။ သို့သော် အချိန်ကျလာသည်နှင့် အွန်လိုင်းပေါ်တွင် ဟိုက်ဗ်ကွန်မြူနတီရှိ မိတ်ဆွေများ၏ ပိုစ်များကို လိုက်လံဖတ်ရှုခြင်း၊ ဘုတ်ပေးခြင်း၊ ကွန်မန့်ပေးခြင်းတို့အား အလိုလိုလုပ်ဖြစ်နေမိသည်။ ထိုသို့ မလုပ်ရသေးလျှင် တစ်ခုခုလိုနေသလို ဟာတာတာ ဖြစ်နေသော ကိုယ့်ကိုယ်ကို သတိထားမိနေသည်။

ဒီလိုမှ မလုပ်ဖြစ်ဘူးဆိုလျင် ကျွန်တော်၏ စိတ်တို့သည် အမျိုးမျိုးအဖုံဖုံသော နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်းတို့အား တွေးတောနေမိသည်။ ထိုသည်များကို စိတ်အာရုံထဲ ထည့်မိလိုက်သည်နှင့် စိတ်ညစ်စရာ၊ စိတ်သောကရောက်စရာများက ဖိစီးလာတော့သည်။ ဒီလိုအချိန်အခါလေးမှာ ဟိုက်ဗ်ကွန်မြူနတီကြီးရှိနေသည်က ကျွန်တော်၏ စိတ်ထွက်ပေါက်ကို လွတ်ထုတ်ပေးစရာ နေရာရရှိလိုက်သလိုပင်။

ယခုအချိန်အခါကြီးသည် ကျွန်တော်များတိုင်းပြည်ရှိ လူတိုင်းလူတိုင်း တစ်နည်းမဟုတ်တစ်နည်း စိတ်ဒုက္ခ ဖိစီးမှုခံစားနေကြရသူများဖြစ်ကြသည်။ ဒီလိုအချိန်လေးမှာ ကျွန်တော်တို့အတွက် ဟိုက်ဗ်ရှိနေ၍ တစ်မျိုးတော်သေးသည်ဟု တွေးနေမိသည်။ ဟိုက်ဗ်သာမရှိရင်ဖြင့် လက်ရှိအနေအထားအရ ရူးလောက်သော အခြေအနေဖြစ်နေသည်။ တနေ့ကလည်း အသက်လုပြေးလိုက်ရသည်။ ဟိုးရက်သတ္တပါတ်ကလည်း ဖောင်းဒိုင်းများကြောင့် တရပ်ကွက်လုံး ဗျာများကြရသည်။ မြွေပူရာကင်းမှောင့်သည့်အလား စားဝတ်နေရေးကလည်း မပြေလည်ကြ။

ယနေ့နံနက်ခင်း မြင်ကွင်းလေးတစ်ခုက ကျွန်တော့အား စိတ်မကောင်းခြင်းများစွာဖြစ်စေခဲ့သည်။ အသက်အားဖြင့် ၅၀-၆၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ကျွန်တော်များရပ်ကွက်အတွင်းသို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ သူ၏အခက်အခဲများကိုပြောပြ၍ အလှုခံနေသည်ကိုတွေ့ရသည်။

သူမ၏ ပြောစကားများအရ သူမသည် ကျွန်တော်များမြို့၏ အနီးဆုံးရွာလေးတစ်ရွာမှဖြစ်သည်။ နေ့စဉ်စားဝတ်နေရေးအတွက် ငွေကြေးအသပြာရှာဖွေခြင်း မတတ်သာတော့၍ ယခုလို လိုက်လံအကူညီ တောင်းနေရကြောင်း၊ သူမတို့မျိုးရိုးသည် ယခုလို လိုက်လံတောင်းစားသည့်မျိုးရိုးမဟုတ်ကြောင်း၊ သူမ၏ သားနှစ်ဦးမှာ ကိုဗစ်လှိုင်းနှင့် တစ်ယောက်ဆုံး၍ နောက်တစ်ယောက်မှာ တော်လှန်ရေးလုပ်နေရင်း ဘယ်ဆီရောက်နေမှန်းမသိကြောင်း မျက်ဝန်းမှမျက်ရည်စများနှင့် သူတတ်သလိုရှင်းပြကာ အကူညီတောင်းခံ နေရှာသည်။

ကျွန်တော်တို့မိသားစုလေးသည် မချမ်းသာသော်လည်း ထိုသို့ဒုက္ခရောက်နေသူများကိုတော့ တတ်နိုင်သလောက် ကူညီတတ်သည့်အလျောက် ထိုအမျိုးသမီးကြီးအား ဆန်တစ်ပြည်နှင့် ငွေငါးထောင် ကူညီလှုဒါန်းလိုက်ပါသည်။ ယခုလိုခေတ်ပျက်နေချိန်တွင် မိမိတို့တတ်နိုင်သလောက် ဒါနပြုလိုက်ခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီးကြီးကို ဆန်တစ်ပြည်လှုဒါန်းပီး ကျွန်တော်များအိမ်အတွက်တွင်တော့ ဆန်သုံးပြည်သာကျန်တော့သည်။ နောက်တစ်ပါတ် အတွက် ဆန်ဝယ်ရန် ကျွန်တော်များ ဘယ်သို့ဘယ်ပုံ ငွေရှာရမည်မသိနိုင်သေးပါ။ ဇနီးသည်၏ လက်ဝတ်လက်စားတို့သည်လည်း တစ်ခုပီးတစ်ခု ထုခွဲနေရသည်မှာ ကုန်သလောက်ရှိနေပါပီ။

ဈေးများလည်း ဖွင့်သည်ရောင်းသည်ဆိုသော်လည်း ဈေးဝယ်သူမရှိ ခြောက်ကပ်နေသည်။ လမ်းပေါ်တွင်လည်း သွားကြလာကြသူများရှိသော်လည်း သွားသုတ်သုတ်၊ ပြန်သုတ်သုတ်နှင့်ရှိနေကြသည်။ လူတိုင်းသည် အပူကိုယ်စီနှင့်။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။ ဟိုက်ဗ်တိုကင်ဈေးများသည်လည်း မြင့်နိုင်သမျှမြင့်မြင့်ဈေးတက်ပါစေ လို့သာ ဆုတောင်းရင်း။ ဒုက္ခကိုယ်စီ ငြိမ်းစေချင်ပါသည်။

@nyimwa
11.11.21: PM



0
0
0.000
7 comments
avatar

မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ။ တိုင်းသူပြည်သားများ၏ အလိုဆန္ဒ ပြည့်စုံပါစေ။
!LOLZ

0
0
0.000
avatar

What do sea monsters eat for lunch?
Fish and ships.

@nyimwa, I sent you an $LOLZ on behalf of @sayalu
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/1)

0
0
0.000
avatar

ကျေးဇူးပါ ဗျာ။ ❤️

0
0
0.000
avatar

အခုချိန်က ပိုက်ဆံရှိလျင်တောင် လိုချင်သလောက် ဝယ်မရတဲ့ ဘဝ...!PIZZA

0
0
0.000
avatar

ဟုတ်တယ်ကိုဟ်ရေ။

0
0
0.000