အာရှ ကျားကြီး တဲ့လား
နိုင်ငံတကာ ပွဲစဉ်တွေ ဒီနေ့မှာ ကစားပြီးသလောက် ရှိသွားခဲ့ပြီ။ လာမယ့် Saturday & Sunday မှာတော့ သက်ဆိုင်ရာ လိဂ် ပွဲစဉ်တွေ ပြန်လည်လို့ ကစားကြဝော့မည် ဖြစ်၏။ ပြီးခဲ့သော တပတ်လုံး ပျင်းနေခဲ့ရတာ ဒီတပတ်မှပဲ ပြန် ပျော်ရတော့မည်။ နည်းပြသစ် Amorim ရဲ့ ပထမဆုံး United ၏ ပွဲကိုလည်း ကြည့်ရဝောာ့မည် ဖြစ်၏။
မနေ့က ကျနော်တို့ မြန်မာလက်ရွေးစဉ်အသင်း Lebanon အသင်းနဲ့ အိမ်ကွင်းမှာ ချစ်ကြည်ရေး ခြေစွမ်းပွဲ ကစား၏။ 2-3 ဂိုးဖြင့် ရှုံး၏။ Lebanon အသင်းက ဦးဆောင်ဂိုး အရင်သွင်း၏။ Myanmar အသင်းက နောက်က လိုက်ကစားရပြီး သရေဂိုးနဲ့ အနိုင်ဂိုး သွင်း၏။ အဆိုပါ အနိုင်ဂိုးက မိနစ် 90 ပြည့်သည်အထိ မခံလိုက်ပေ။ ဧည့်သည် Lebanon အသင်းက 74 မိနစ်မှာ သရေဂိုး၊ 84 မိနစ်မှာ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူသွားခဲ့၏။
လက်ရှိ Myanmar အသင်း အနေအထား၊ ခြေစွမ်းက အားရစရာ မရှိေနပေ။ အာဆီယံ ဒေသတွင်း အသင်းတွေထဲမှာ တိုးတက်မှု အနည်းဆုံး အသင်း ဖြစ်နေခဲ့ပြီ။ ယခင် ဒေသတွင်း ပြိုင်ဘက်တွေ ဖြစ်သည့် Thailand, Vietnam, Malaysia, Indonesia တို့၏ နောက်မှာ အတော်လေး ပြတ်ကျန်ခဲ့ပြီ။ ယခင်က နိုင်နေကြ Philippines, Laos, Cambodia အသင်းတို့ကိုတောင် နိုင်အောင် မကစားနိုင်ဝောာ့ပေ။ Myanmar အသင်းကို ခြေရည်တူကစားကာ အနိုင်ယူပြတာမျိုးတွေ ရှိလာပြီမို့ အဆိုပါ အသင်းတွေ၏ တိုးတက် ပြောင်းလဲ လာမှုက ချီးကျူး ချင်စရာပင်။
Indonesia ဆိုရင် အာရှဇုံ World Cup qualification မှာ 3 rd round အဆင့်ထိ ရောက်ရှိကစားနေရပြီ ဖြစ်၏။ အခြေနေလည်း ကောင်းနေ၏။ မနေ့က Saudi Arabia အသင်းကို အိမ်ကွင်းမှာ 2-0 ဖြင့် အနိုင်ကစားခဲ့၏။ ခြေစစ်ပွဲ တိုက်ရိုက် အောင်ခွင့်တောင် မျှော်မှန်းလို့ရသည့် အနေအထားမျိုးသို့ ရောက်လာခဲ့ပြီ ဖြစ်၏။ လက်ကျန် ပွဲတွေကိုသာ အနိုင်ကန်ခဲ့မယ် ဆိုရင်ပေါ့။ တကယ်လည်း သူတို့ တိုးတက်လာခဲ့၏။
Thailand, Vietnam , Malaysia တို့က 2 nd round နဲ့ နှုတ်ဆက်ခဲ့ရတယ် ဆိုပေမယ့် Myanmar အသင်းလောက် အခြေအနေ မဆိုးပေ။ အမှတ်တူ ဂိုးကွာခြားချက်၊ head to head ရလဒ်တွေကြောင့်သာ နောက်တဆင့်ကို မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။ ကျနော်တို့ အသင်းက နောက်မှာ အတော်လေး ကျန်နေခဲ့ပြီ။ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး သာမက အားကစား နယ်ပယ်ထိ အစစအရာရာ နောက်ကောက်ကျ ကျန်နေခဲ့ပြီ ဖြစ်၏။ အာရှကျားကြီး အိပ်ပျော် သွားခဲ့တာ ကြာခဲ့ပြီ ဖြစ်၏။ ဘယ်အချိန် ပြန်လည် နိုးထ လာမလဲကတော့ မပြောတတ်တော့ပေ။